Biography of Sayadaw (Myanmar)

အရှင်ရေဝတ အလောင်းလျာကို ၁၉၇၁-ခုနှစ်၊ စက်တင်ဘာလ (၁)ရက် နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ ဖွားမြင်ခဲ့ပါသည်။ မွေးချင်း (၉) ယောက်အနက် ခမည်းတော်ဦးသာထွန်း + မယ်တော်ဒေါ်မြစိန်တို့၏ (၈)ယောက်မြောက် သားရတနာဖြစ်ပြီး ငယ်နာမည်မှာ မောင်ဟန်ဝင်းအောင် ဖြစ်ပါသည်။ ၁၉၉၄-ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ B.Sc ဘွဲ့ကို ရရှိခဲ့ပြီး၊ မော်လမြိုင်မြို့တွင် ကိုယ်ပိုင်ကွန်ပြူတာသင်တန်းများ ဖွင့်လှစ်လျက် (၅)နှစ်တာ ကွန်ပြူတာလုပ်ငန်းဖြင့်အသက်မွေးဝမ်းကြောင်းခဲ့ပါသည်။ ထိုကာလများတွင် ယိုးဒယားဘာသာနှင့် အင်္ဂလိပ်ဘာသာ သင်တန်းများကိုလည်း သင်ကြားပေးခဲ့ပါသည်။

သံဝေဂဉာဏ်ဖြစ်ပေါ်ခဲ့သည့်အတွက် ၁၉၉၉-ခုနှစ်တွင် ဖားအောက်တောရ ဆရာတော် ဦးအာစိဏ္ဏကို ဥပဇ္ဈာယ်ပြု၍ ဖားအောက်တောရ ခဏ္ဍသိမ်တော်၌ မြင့်မြတ်သော ရဟန်းအဖြစ်ကို ရယူခဲ့ပါသည်။ ဖားအောက်တောရဆရာတော် ဦးအာစိဏ္ဏ, ဆရာတော်ဦးစိတ္တရ, ဆရာတော်ဦးသီလတို့ထံ၌ ဝိသုဒ္ဓိမဂ်လာ နိဗ္ဗာန်ရောက်ကြောင်း ကျင့်စဉ်များကို ကျင့်ကြံအားထုတ်ခဲ့ပါသည်။ ဖားအောက်တောရဆရာတော်ကြီး၏ ချီးမြှောက်မှုဖြင့် တိုင်းရင်းသား တိုင်းရင်းသူ နိုင်ငံခြားသား နိုင်ငံခြားသူ ရဟန်းယောဂီ ရှင်ယောဂီ လူယောဂီတို့အား ဝိသုဒ္ဓိမဂ်လာ နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ်များကို ၂၀၀၂-ခုနှစ်မှစ၍ ယနေ့တိုင်သင်ကြား ပေးလျှက်ရှိပါသည်။ ဖားအောက်တောရ(ပင်မ)၌ ကမ္မဋ္ဌာန်းဆရာအဖြစ်နှင့် လည်းကောင်း၊ အကျိုးတော်ဆောင်ဆရာတော်အဖြစ်နှင့်လည်းကောင်း သာသနာ့တာဝန်များကို ထမ်းဆောင်တော်မူခဲ့သည်။

၃.၁.၂၀၁၈ ရက်နေ့မှ စ၍ ဟဲဟိုး-ဖားအောက်တောရ၏ ပဓာနနာယက ဆရာတော်တစ်ပါးအနေဖြင့် သီတင်းသုံးနေထိုင်လျက် ပြည်တွင်းပြည်ပ ရဟန်းရှင်လူယောဂီများကို တစ်နှစ်ပတ်လုံး တရားဟော၊တရားပြ သာသနာပြုလျက်ရှိပါသည်။

ယခုအခါ ရဟန်းတော်စုစုပေါင်း ၆၀-ဝန်းကျင်ခန့် (ပြည်တွင်းရဟန်းတော် ၃၈ ပါး၊ နိုင်ငံခြားသားရဟန်းတော် ၂၂ ပါး)နှင့် ယောဂီစုစုပေါင်း ၇၀-ဝန်းကျင်ခန့် (ပြည်တွင်းယောဂီ ၅၅ ဦး၊ နိုင်ငံခြားသားယောဂီ ၁၅ ဦး)၊ စုစုပေါင်း ပြည်တွင်းပြည်ပ ရဟန်းရှင်လူယောဂီ ၁၃၀ ဝန်းကျင်ခန့်ကို သင်ကြားပြသပေးလျက် ရှိပါသည်။

သင်ကြားတတ်မြောက်သော ဘာသာစကားများ

အရှင်သူမြတ်သည် ပါဠိတော်အဋ္ဌကထာများကို ဖတ်ရှုနိုင်အောင် လေ့လာသင်ယူထားပြီး မြန်မာ၊အင်္ဂလိပ်၊ထိုင်း ဘာသာစကား(၃)မျိုးကို ကောင်းစွာ ပြောဆိုနိုင်သူဖြစ်ပါသည်။

ကြွရောက် သာသနာပြုလျက်ရှိသော တိုင်းပြည်များ

အရှင်သူမြတ်သည် ထိုင်း, စင်္ကာပူ, အမေရိကား, လက်ဗီးယား (Latvia), တောင်ကိုရီးယား, မလေးရှား, အင်ဒိုနီးရှား, ဗီယက်နမ်, ထိုင်ဝမ်, တရုတ်နိုင်ငံများသို့ ကြွရောက်လျက် ပဋိပတ္တိသာသနာပြုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၅-ခုနှစ် ဝါတွင်းကာလမှစ၍ ၂၀၁၇-ခုနှစ် စက်တင်ဘာလတိုင်အောင် ထိုင်းနိုင်ငံ အန်ထောင်းမြို့ရှိ ဖားအောက်တောရဌာနခွဲ၌ သီတင်းသုံးနေထိုင်လျက်တရားဟော တရားပြသကာ ပဋိပတ္တိသာသနာပြုလုပ်ငန်းများကို ဆောင်ရွက်တော်မူခဲ့ပါသည်။

ရေးသားခဲ့ပြီးသော မြန်မာစာအုပ်များ

ဖားအောက်ဆရာတော်ဘုရားကြီး၏ ချီးမြှောက်မှုဖြင့် ဆရာတော်ဘုရားကြီးနှင့်အတူ ရေးသားခဲ့သော မြန်မာစာအုပ်မှာ(၃)အုပ်ရှိပြီး တစ်ပါးတည်းရေးသားခဲ့သော စာအုပ်အနေဖြင့် “တန်ဖိုးရှိရှိနေမယ်” နှင့် “အလွန်ရခဲသာရတနာ”ဟူသော စာအုပ်(၂)အုပ်ရှိပါသည်။

ရေးသားခဲ့ပြီး အင်္ဂလိပ်စာအုပ်များ

၁။ Awaken, O World! (လောကကြီး နိုးထလော့-2006)၊ ၂။ The Disciple Within (အတွင်းနေတပည့်-2008)၊ ၃။ Bearers of the Burden (ဝန်ထမ်းဟူသည်-2011)၊ ၄။ Expectation Derived from One’s Own Point of View (အထင်အမြင်မှဖြစ်ပေါ်လာသော မျှော်လင့်ချက်-2015)၊ ၅။ A Journey of Self-Discover (မိမိကိုယ်ကို ရှာဖွေမှုခရီး-2015), နှင့် ၆။ The Truth Taught by All the Buddhas (ဘုရားရှင်တိုင်း ဟောကြားတော်မူသောအမှန်တရား-2016)ဟူသော အင်္ဂလိပ်စာအုပ်(၆)အုပ်ကို ရေးသားခဲ့သည်။