
တည်နေရာနှင့် အကျယ်အဝန်း
ဟဲဟိုးဖားအောက်တောရသည် ဖားအောက်တောရ ရိပ်သာခွဲတစ်ခုဖြစ်ပြီး ရှမ်းပြည်နယ် တောင်ပိုင်း၊ ကလောမြို့နယ်၊ ဘော်နင်းကျေးရွာအုပ်စု၊ ရွာတော်ရွာအနီး၌ တည်ရှိသည်။ အောင်ပန်းမြို့မှ ၇ မိုင် ၅ ဖာလုံခန့် အကွာ သီခေါင်တောင်အဆင်း (၈၈ မိုင် ၅ ဖာလုံ)၌ ကျောင်းလမ်းညွှန်ဆိုင်းဘုတ်ကို တွေ့မြင်နိုင်ပြီး တောင်ကြီးမှ ၂၄ မိုင်ခန့် ကွာဝေးသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ-၄၀၀၀ ခန့်၌ တည်ရှိ၍ ကျောင်းမြေဧရိယာအားဖြင့် စုစုပေါင်း ဧက ၁၀၀ ကျော် ကျယ်ဝန်းသည်။
ကျောင်းတိုက်ဖြစ်ပေါ်လာပုံ
ဆရာတော်၏ ပစ္စည်းလေးပါး အလှူရှင်များဖြစ်ကြသော ဦးမြင့်စိုး + ဒေါ်အေးအေးအောင်, သား မောင်ဟိန်းထက်အောင်၊ သမီး မသိမ့်သဉ္ဇာစိုး မိသားစု (အမှတ် 77 – E၊ ရှင်စောပုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့)မှ ဆရာတော် သီတင်းသုံးရန် ကျောင်းမြေနေရာတစ်ခု လှူဒါန်းနိုင်ရန်အတွက် ရှာဖွေခဲ့ကြရာ ၂၀၁၄ ခုနှစ်တွင် ဟဲဟိုး ဖားအောက်တောရဖြစ်လာမည့် မြေနေရာကို ရှာဖွေတွေ့ရှိခဲ့ကြသည်။
တောကျောင်းအင်္ဂါရပ်များ၁ နှင့် ပြည့်စုံသည့်အပြင် တရားရိပ်သာတစ်ခု တည်ထောင်ရန်အတွက် သင့်တင့်လျှောက်ပတ်သော မြေပြင်အနေအထား၊ ရာသီဥတု၊ အသံတိတ်ဆိတ်မှုတို့ကြောင့် ၂၀၁၄ ခုနှစ်တွင် (၂၄)ဧကကို စတင်ဝယ်ယူခဲ့ကြပြီး ထပ်မံတိုးချဲ့ခဲ့ကြရာ ဧက(၁၀၀)ကျော်အထိ ရောက်ရှိလာခဲ့သည်။
၂၀၁၅ ခုနှစ်တွင် ပထမဦးဆုံး နမူနာအနေဖြင့် သံဃာတော်များအတွက် တစ်ပါးကျောင်း(၅)ကျောင်း၊ ကျေးဇူးတော်ရှင် ဖားအောက်ဆရာတော်ကြီးစံကျောင်းနှင့် (ယာယီ)ဆွမ်းစားကျောင်းတို့ကို ရှေးဦးစွာ စတင်ဆောက်လုပ်ခဲ့သည်။


ကျောင်းတိုက်၏ရည်ရွယ်ချက်
ဆရာတော်အနေဖြင့် နောင်အနာဂါတ်တွင် သာသနာ့တာဝန်များ လက်ဆင့်ကမ်း သယ်ယူထမ်းဆောင်၍ ဘုရားရှင်၏ အဆုံးအမနှင့်လျော်ညီသော ပဋိပတ်ကျင့်စဥ်များကို တရားလိုလားသူ ရဟန်းရှင်လူအပေါင်းအား ပြန်လည်သင်ကြားပေးနိုင်ရန် မျိုးဆက်သစ် ကမ္မဋ္ဌာန်းဆရာလောင်း ရဟန်းကောင်းများ ထွက်ပေါ်လာရေးအတွက် (Teaching)သင်ကြားပေးရန်နှင့် (Training)လေ့ကျင့်ပေပေန် ဟဲဟိုးဖားအောက်တောရကို လက်ခံတည်ထောင်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ကျောင်းအရေအတွက်ကို အကန့်အသတ်ဖြင့် တည်ဆောက်ထားပြီး
(၁) တရားကို လိုလိုလားလား ကြိုးစားသူ
(၂) ဝိနည်းကို ရိုသေလေးစားစွာ လိုက်နာကျင့်သုံးသူ
(၃) ဆုံးမရလွယ်ကူသူ
(၄) ကိုယ်စိတ်ကျန်းမာရေးကောင်းမွန်သူတို့ကို စီစစ်ရွေးချယ်ကာ လက်ခံသင်ကြားပေးမည်ဖြစ်သည်။