Facts to know (Myanmar)

(၅.၁) သီလပိုင်းဆိုင်ရာ

ရဟန်းတော်များအနေဖြင့် စတုပါရိသုဒ္ဓိသီလကို ရိုသေလေးစားစွာ လိုက်နာစောင့်ထိန်းရမည်။

ရှင်သာမဏေများအတွက်ကား ၁၀၉ သွယ်သော သီလသိက္ခာပုဒ်များကို ရိုသေလေးစားစွာ လိုက်နာစောင့်ထိန်းရမည်။

လူ(အမျိုးသား/အမျိုးသမီး)ယောဂီများအတွက် ဥပုသ်(၈)ပါးသီလကို ခံယူဆောက်တည်၍ ရိုသေ လေးစားစွာ လိုက်နာစောင့်ထိန်းရမည်။

ခြွင်းချက်။ ။ အစာအိမ်စသော ကျန်းမာရေးအခက်အခဲကြောင့် ဆေးသောက်ရန် အစာအာဟာရ လိုအပ်ပါက ဆရာတော်ထံ တင်ပြလျှောက်ထားပြီး ငါးပါးသီလဖြင့်လည်း ဆောက်တည်၍ တရားအားထုတ်နိုင်ပါသည်။

သီလရှင်၊ မဟာယာနဘိက္ခုနီ၊ မဟာယာနသာမဏေရီ လက်မခံပါ။

(၅.၂) ဆွမ်းအာဟာရဆိုင်ရာ

– ဟဲဟိုးဖားအောက်တောရ၌ ကျန်းမာရေးအတွက် ကောင်းမွန်သင့်လျော်သော သက်သတ်လွတ် ဆွမ်းဟင်းများကို ဝိနည်းတော်နှင့်အညီ စီမံချက်ပြုတ်၍ ဆက်ကပ်လှူဒါန်းကြသည်။ ကျန်းမာရေးအတွက် မသင့်လျော်‌သော အချိုမှုန့်/ဆီစသည်တို့ကို အသုံးမပြုဘဲ ကျန်းမာရေးအတွက် သင့်လျော်သောပစ္စည်းတို့ကိုသာ အသုံးပြုထားသည်။

– ကျောင်းပြင်ပ၌ အလှူရှင်များ စီမံထားသော ဆွမ်း/ဆွမ်းဟင်း/ အချိုပွဲ/ မုန့်/သစ်သီး စသည် တို့ကိုလည်း လှူဒါန်းခွင့် ပြုထားသည်။

– ဆွမ်းအာဟာရများကို ဆွမ်းစားကျောင်း၌ ချက်ပြုတ်ပြင်ဆင်ထားရှိပြီး တစ်နေ့တာ အချိန်ဇယားအတိုင်း အရုဏ်ဆွမ်းကို (အရုဏ်တက်ချိန်ပေါ် မူတည်၍) မနက် ၆.၄၅ ဝန်းကျင်တွင် လည်းကောင်း၊ နေ့ဆွမ်းကို နေ့လည် ၁၀.၄၅ ဝန်းကျင်တွင်လည်းကောင်း တုံးခေါက်အချက်ပေး၍ ခံယူသုံးဆောင်ကြရသည်။

(အခြေအနေနှင့် အချိန်အခါပေါ်မူတည်၍ ပြောင်းလဲမှုများ ရှိနိုင်ပါသည်)

– ဆွမ်း/အာဟာရကို ခံယူသည့်စနစ်မှာ ကိုယ်တိုင်ရွေးချယ်ယူရသည့် (Buffet)စနစ် ဖြစ်သောကြောင့် မိမိတို့၏ ကျန်းမာရေးနှင့်မသင့်လျော်သော၊ အလိုမရှိသော ဆွမ်းအာဟာရတို့ကို မခံယူလိုပါက ချန်ထားခဲ့နိုင်သည်။  မိမိတို့၏ ကျန်းမာရေးနှင့်သင့်လျော်သော ဆွမ်းအာဟာရတို့ကို အပိုအလျှံ/ အလေအလွင့် မဖြစ်စေဘဲ အတိုင်းအရှည် ပမာဏကိုသိလျက် လိုအပ်သလောက်သာ ခံယူရသည်။

(၅.၃) ဝတ်စားဆင်ယင်မှု

အသစ်ရောက်ရှိလာသော ရဟန်းသာမဏေများကို (တူညီသင်္ကန်းအရောင် ဖြစ်စေရန်) သင်္ကန်း အသစ်တစ်စုံကို လှူဒါန်းပေးပါသည်။

ဟဲဟိုးဖားအောက်တောရသည် တရားအားထုတ်သော ရိပ်သာဖြစ်ခြင်း‌ကြောင့် လူယောဂီများ အနေဖြင့် ရိပ်သာနှင့်လျော်ညီသော ယောဂီဝတ်စုံကို ဦးစားပေး ဝတ်ဆင်ရမည်။ ယောဂီဝတ်စုံ အင်္ကျီအဖြူ၊ လုံချည်အညို အဆင်မပြေပါက ရိပ်သာနှင့်သင့်တော်သော အခြားသောအရောင် ရှပ်အင်္ကျီ၊ လုံချည်စသည်တို့ကိုလည်း ဝတ်ဆင်နိုင်ပါသည်။ နိုင်ငံခြားသားများက ချွင်းချက် ဖြစ်ပါသည်။

တိုသော/ ပါးသော/ ကြပ်သော/ ဟိုက်သောအင်္ကျီများ၊ စွပ်ကျယ်လက်ပြတ်များ၊ အရောင် ထင်ရှား တောက်ပသော အင်္ကျီများ၊ ညအိပ်အင်္ကျီဝတ်စုံများနှင့် အခြားသော ရိပ်သာနှင့်မသင့်လျော်သော အဝတ်အစားများကို မဝတ်ဆင်ရပါ။

အလွန်အေးသော ဆောင်းရာသီ၌ ကျန်းမာရေးအရ လိုအပ်သော အနွေးထည်,ခြေအိတ်စသည်တို့ကို ခွင့်ပြုပါသည်။

ဝတ်စားဆင်ယင်မှုနှင့်ပတ်သတ်၍ အခါအားလျော်စွာ လိုအပ်ပါက ဆရာတော်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူတို့၏ ဆုံးမလမ်းညွှန်မှုကို လိုက်နာရပါမည်။

(၅.၄) ကျောင်းအခန်းနေရာ

သက်ဆိုင်ရာတာဝန်ရှိသူများက စီစဥ်ချထားပေးသော ကျောင်း/အခန်းနေရာ၌သာ နေထိုင်သီတင်း သုံး၍ တရားကြိုးစားအားထုတ်ရမည်။ မိမိတို့သဘောဆန္ဒဖြင့် အခန်းပြောင်းခြင်း၊ အခန်းလဲခြင်း မပြုလုပ်ရပါ။ လိုအပ်၍ အခန်းနေရာ ပြောင်းလဲလိုပါက သက်ဆိုင်ရာ တာဝန်ရှိသူများကို အသိပေးရမည်။ (နောက်ထပ် ရောက်လာမည့် ယောဂီအသစ်များကို ကျောင်းတိုက်မှ အချိန်နှင့်တပြေးညီ စီစဥ်နေရသောကြောင့် ဖြစ်ပါသည်။)

မိမိတို့နေထိုင်သီတင်းသုံးရာ ကျောင်း/အခန်းတို့၌ ပြုပြင်ရန် တစ်စုံတရာလိုအပ်ပါက သက်ဆိုင်ရာ တာဝန်ရှိသူများကို အသိပေးရမည်။

တန်ဖိုးကြီးပစ္စည်းများအား မယူဆောင်လာပါရန်နှင့် အကယ်၍ ယူဆောင်လာခဲ့ပါက မိမိတို့၏ တာဝန်သာဖြစ်ပြီး ကျောင်း/အခန်းတို့ကို ပေးအပ်ထားသောသော့များဖြင့် ခတ်၍ လုံခြုံစွာ သိမ်းဆည်း ထားရပါမည်။

(၅.၅) ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှု

အရေးပေါ်ဖြစ်ပေါ်လာသော ထိခိုက်ဒဏ်ရာရခြင်း၊ ဖျားနာခြင်းတို့ကို ကျောင်းတိုက်မှ အတတ်နိုင်ဆုံး တာဝန်ယူ စောင့်ရှောက်ပေးပါသည်။ ဆေးရုံ/ဆေးခန်းသို့ ပို့ဆောင်ပေးပါသည်။

သို့သော် တရားသင်ပေးခြင်း၊ (လျှောက်လွှာပါ) အစားအသောက်နှင့် နေရာထိုင်ခင်း စီစဥ်ပေးခြင်းကို ကျောင်းတိုက်မှ တာဝန်ယူဆောင်ရွက်ပေးပြီး ကြွင်းကျန်သော ကျန်းမာရေးဆိုင်ရာ ကုန်ကျစရိတ်များကို မိမိတို့ကိုယ်တိုင်သာ တာဝန်ယူရမည်ဖြစ်ပါသည်။

ရိပ်သာဖြစ်ခြင်းကြောင့် နာတာရှည်နှင့် ကိုယ်စိတ်ကျန်းမာရေး ရေရှည်စောင့်ရှောက်မှု လိုအပ်သူများကို သီးသန့်တာဝန်ယူ စောင့်ရှောက်ပေးမည့်သူ မရှိပါ။ မိမိတို့၏ မိဘဆွေမျိုးနှင့် မိတ်ဆွေတို့ကို ဆက်သွယ်၍ ပြန်လည်စောင့်ရှောက်စေပါသည်။

ရိပ်သာ၌ တရားလာရောက်၍ အားထုတ်မည့်သူများသည် မိမိ၊သူတစ်ပါးနှင့် ကျောင်းတိုက်အတွက် တာဝန်မများစေရန် ကောင်းမွန်သော ကိုယ်စိတ်ကျန်းမားရေးနှင့် ပြည့်စုံရန် လိုအပ်ပါသည်။

အကယ်၍ မိမိတို့၌ ကိုယ်စိတ်ကျန်းမာရေးတစ်စုံတရာ ရှိပါက/ဖြစ်ဖူးပါက လျှောက်လွှာတွင် မှန်ကန်စွာ ဖြည့်စွက်ရေးသား၍ လိုအပ်လျှင် ကူညီပေးနိုင်ရန် ဆရာတော်နှင့် သက်ဆိုင်ရာ ကျောင်းတိုက်တာဝန်ရှိသူများကို ကြိုတင်အသိပေးထားရပါမည်။

(၅.၆) ဖုန်းအင်တာနက်အသုံးပြုမှု

ရိပ်သာ၏စည်းကမ်းအရ လာရောက်တရားအားထုတ်ကြသော ရဟန်းရှင်လူယောဂီများကို  ကိုယ်ပိုင် ဆင်းကဒ်များ  လက်ဝယ်ထားရှိ၍ ဖုန်း/အင်တာနက် အသုံးပြုရန် ခွင့်မပြုပါ။ မိမိတို့၏ ဆင်းကဒ် များကို သံဃာ့ရေးရာဌာနတွင် အပ်နှံထားရပါမည်။ (ကျောင်းတိုက်၏တာဝန်များကို ဆောင်ရွက်နေ သူများက ခြွင်းချက်ဖြစ်ပါသည်။)

ဆင်းကဒ်များ အပ်နှံရာ၌ လက်ထဲ အကြွင်းအကျန်မထားဘဲ (ကဒ်အပို ချန်မထားဘဲ) အပ်နှံရပါမည်။

အကြောင်းကိစ္စရှိခဲ့သော် သံဃာ့ရေးရာ၌ ရုံးချိန်နံနက်(၉း၃၀) မှ (၁၀း၁၅)အတွင်း ခေတ္တခဏ ငှားရမ်း၍ အသုံးပြုနိုင်ပြီး သံဃာ့ရေးရာသို့ ပြန်လည်အပ်နှံထားရပါမည်။ နိုင်ငံခြားသားများကိုတော့ လိုအပ်ပါက အကန့်အသတ်ဖြင့် ငှားရမ်းအသုံးပြုခွင့်ပေးပါသည်။ (လပြည့်/လကွယ်နေ့ သံဃာ့ရေးရာ ပိတ်ပါသည်။)

ကျောင်းတိုက်မှ ပြန်လည်ထွက်ခွာသောအခါ မိမိတို့အပ်နှံထားသော ဆင်းကဒ်များကို သံဃာ့ရေးရာမှ ပြန်လည်ထုတ်ယူနိုင်ပါသည်။

(၅.ရ) ရာသီဥတု

ဟဲဟိုးဖားအောက်တောရသည် အအေးပိုင်းဒေသ (ရှမ်းပြည်နယ်တောင်ပိုင်း)တွင် တည်ရှိ၍ ရာသီဥတုသည် ယေဘုယျအားဖြင့်

  • နွေဥတု၌ အပူချိန် ၃၀ မှ ၃၆ အကြား 
  • မိုးဥတု၌ အပူချိန် ၂၆ မှ ၃၂ အကြား
  • ဆောင်းဥတု၌ အပူချိန် ၈ မှ ၁၆ အကြား ရှိတတ်သည်။

နွေဥတုပင်ဖြစ်သော်လည်း မုန်တိုင်းစသည်တို့ကြောင့် တခါတရံ မိုးရွာတတ်သည်။ အအေးကြောက် သူများအနေဖြင့် အနွေးထည်၊စောင်တို့ကို (လိုလိုမယ်မယ်) ယူဆောင်လာသင့်သည်။

မိုးဥတု၌ မိုးသည်းထန်စွာ မရွာ၊ ရွာသော်လည်း တခဏမျှသာ ဖွဲဖွဲလေး ရွာလေ့ရှိသည်။ သို့သော် မိုးရာသီ၌ အအေးမိ၊ဖျားနာခြင်းမရှိအောင် သတိပြု နေထိုင်သင့်သည်။

ဆောင်းဥတုတွင် အောက်တိုဘာမှ ဒီဇင်ဘာလအတွင်း ဖြည်းဖြည်းချင်း အေးလာသော်လည်း အအေးဆုံးမှာ ဒီဇင်ဘာလအကုန်မှ ဇန်နဝါရီလအကုန်ထိ ဖြစ်ပါသည်။ အအေးလှိုင်းဖြတ်သော နှစ်များတွင် ဖေဖော်ဝါရီလအထိ အေးနေဆဲဖြစ်သည်။ (နှစ်စဥ် အပြောင်းအလဲ ရှိတတ်ပါသည်)

***ဆောင်းဥတု (အထူးသဖြင့် အအေးဆုံးအချိန်တွင်) မနက်/ည အလွန်အေးသောကြောင့် အအေးဒဏ် မခံနိုင်သူများ၊ အအေးကြောက်သူများနှင့် ကျန်းမာရေးအားနည်းသူများ လာရောက် တရားအားထုတ်ရန် မသင့်လျော်ပါ။

(၅.၈) ကျောင်းဝင်းပြင်ပသွားခြင်း

ကျောင်းဝင်းပြင်ပသွားရန် အကြောင်းကိစ္စရှိပါက ဆရာတော်ထံမှ ခွင့်ပြုချက်ကို လျှောက်ထားပြီး သက်ဆိုင်ရာတာဝန်ရှိသူများကို အသိပေး၍ အကြောင်းကြားသွားရမည်။ အလျင်စလို သွားရခြင်းကြောင့် အကြောင်းမကြားနိုင်ပါက နီးစပ်ရာ အခန်းဖော်/ယောဂီကို အသိပေးခဲ့ရမည် (သို့မဟုတ်) ဖုန်းဆက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများကို အသိပေးရမည်။ (ယောဂီအသစ်များအတွက် နေရာ စီစဥ်စရာ ရှိပါသည်)

(၅.၉) ဆေးလိပ်/ကွမ်းနှင့် မူးယစ်ဆေးဝါများ တားမြစ်ခြင်း

တရားအားထုတ်သည့် ရိပ်သာဖြစ်ခြင်းကြောင့် ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်းနှင့် မူးယစ်ဆေးဝါးအမျိုးမျိုးကို မသုံးစွဲရပါ၊ အကယ်၍ သုံးစွဲသည်ကို တွေ့ရှိပါက ရိပ်သာမှ ပြန်လည်ထွက်ခွာပေးရပါမည်။